ဘာသာစကား

Image
ထိုင်းနိုင်ငံအတွင်းသို့ ဖြတ်သန်းဝင်ရောက်ပြီးနောက် တာ့(ခ်) နယ်စပ်စစ်ဆေးရေးဂိတ်တွင် စောင့်ဆိုင်းနေသည့် မြန်မာအမျိုးသမီးတစ်ဦး (ဓါတ်ပုံမှတ်တမ်း - Manan Vatsyayana/AFP)
ထိုင်းနိုင်ငံအတွင်းသို့ ဖြတ်သန်းဝင်ရောက်ပြီးနောက် တာ့(ခ်) နယ်စပ်စစ်ဆေးရေးဂိတ်တွင် စောင့်ဆိုင်းနေသည့် မြန်မာအမျိုးသမီးတစ်ဦး
(ဓါတ်ပုံမှတ်တမ်း - Manan Vatsyayana/AFP)

(၂၀၂၁) နှစ် စစ်တပ်အာဏာသိမ်းလိုက်သည့်အချိန်မှစ၍ မြန်မာနိုင်ငံသားများ အပေါ် လုပ်ဆောင်ခဲ့သော မြန်မာစစ်အစိုးရ၏ လုပ်ရပ်များကြောင့် နိုင်ငံရေးနှင့်လူ့အခွင့်အရေး၊ စီးပွားရေးနှင့် လူသားဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များအား များစွာ ပိုဆိုးစေခဲ့သည်။ ထောင်ပေါင်းများစွာသော အရပ်သားပြည်သူများ အသတ်ခံခဲ့ရသည်၊ အသတ်မခံရလျှင်လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရသည်။ ထို့အပြင် စစ်တပ်နှင့် လက်နက်ကိုင်အုပ်စုများကြား တိုက်ပွဲများ အရှိန်အဟုန်မြင့်မားလာရာ (၂၀၂၄) ခုနှစ်၊ ဇွန်လအထိ ပြည်သူ (၃) သန်းနီးပါး နေရပ်စွန့်ခွာပြောင်းရွှေ့ခဲ့ရသည်။ ထို့ကြောင့် ကမ္ဘာ့စိန်ခေါ်မှုအများဆုံး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကျပ်အတည်းများထဲမှ တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

အမေရိကန်ပြည်ထောင်စုလွှတ်တော်က ပြဌာန်းခဲ့သော (၂၀၂၂) ခုနှစ် Burma United for Rigorous Military Accountability (BURMA) Act အက်ဥပဒေသည် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အကျပ်အတည်းနှင့် ပြည်တွင်းစစ်၏ဒဏ်ကို ခါးစည်းခံနေကြရသော ပြည်သူ၊ပြည်သားများအပေါ်  စဥ်ဆက်မပြတ်ထားရှိသော အမေရိကန်ပြည်ထောင်စု၏ ကတိကဝတ်ကို ဖော်ညွှန်းနေသည်။ USAID သည် BURMA Act ဥပဒေကို ရှေ့တန်းမှ အကောင်အထည်ဖော်ဆောင်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် အားလုံးပါဝင်ပြီး ကိုယ်စားပြုမှုရှိသည့် ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်း ပေါ်သို့ ပြန်လည်ရောက်ရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ 

ကျန်းမာရေးဝန်ဆောင်မှုများ၊ စားနပ်ရိက္ခာဖူလုံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေးနှင့် အခြေခံအစိုးရဝန်ဆောင်မှုများ အားကောင်းလာစေရန် USAID သည် အရေးကြီးသော အထောက်အပံ့များမှတဆင့် လူသန်းပေါင်းများစွာထံသို့ ရောက်ရှိအောင် ဆောင်ရွက်နေပါသည်။ USAID အနေဖြင့် အများပြည်သူ၏ဒုက္ခဆင်းရဲများကို ဖယ်ရှားရန်နှင့် ရပ်ရွာလူမှုအသိုင်းအဝိုင်းများ အားကောင်းလာစေရန်အတွက် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ၊ ရပ်ရွာမိတ်ဖက်အဖွဲ့ အစည်းများနှင့် ဆက်လက်လက်တွဲလုပ်ဆောင်သွားပါမည်။ 

USAID၏အောင်မြင်မှုများ

  • ဒီမိုကရေစီအုပ်ချုပ်ရေး - ကျွန်ုပ်တို့သည် BURMA Act ဥပဒေက ခွင့်ပြုအပ်နှင်းထား သည့်အတိုင်း တက်ကြွလှုပ်ရှားသူများ၊ ဝန်ဆောင်မှုပေးနေသူ တိုင်းရင်းသားလူနည်းစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီးများနှင့် လူငယ်အဖွဲ့များကို ထောက်ပံ့ကူညီ ပေးလျက် ရှိသည်။ အာလုံးပါဝင်ပြီး ဒီမိုကရေစီစနစ်ထွန်းကားသော အနာဂါတ်တစ်ခု အတွက်  ဆက်လက်ကြိုးပမ်း အားထုတ်နေကြသည်ဖြစ်ရာ  USAID ၏ ဤသို့ တစ်ဦးတစ်ယောက်ချင်းနှင့် အဖွဲ့အစည်းများအား စဥ်ဆက်မပြတ်ပံ့ပိုးပေးမှုသည် လွန်စွာအရေးကြီးပါသည်။ USAID သည် အုပ်ချုပ်ရေး၊ ပြည်သူ့ဆက်ဆံရေးနှင့် လွတ်လပ်သည့်သတင်းမီဒီယာကဏ္ဍ အားကောင်းလာအောင်ကြိုးပမ်းခြင်းဖြင့် ဒီမိုကရေစီတန်ဖိုးများနှင့် အခြေခံလွတ်လပ်ခွင့်များကို အားပေးထောက်ပံ့လျက် ရှိပါသည်။
  • စားနပ်ရိက္ခာနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား ထိန်းထားခြင်း - ပြည်သူ ၇၀% ကျော်သည် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှုအတွက် စိုက်ပျိုးရေးလုပ်ငန်းများကို မှီခိုနေကြရပါသည်။ ငွေကြေးဖောင်းပွမှု၊ စျေးကွက်လက်လှမ်းမီမှုအကန့်အသတ်များနှင့် ရင်ဆိုင်နေရသည့် နိုင်ငံတွင် တောင်သူလယ်သမားများနှင့် ဒေသခံ ရပ်ရွာလူထု အသိုင်းအဝိုင်း၏ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် ကုန်ထုတ်စွမ်းအားကို မြှင့်တင်ရန် USAID အနေဖြင့် ကြိုးပမ်းလုပ်ဆောင်လျက် ရှိပါသည်။ တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးရာသီမတိုင်မီ မျိုးစေ့များနှင့် မြေဩဇာများ ဝယ်ယူနိုင်ရန်အတွက် USAID သည် ထောင်ပေါင်းများစွာသော တောင်သူလယ်သမားများကို အထောက်အပံ့များ ပံ့ပိုးပေးလျက် ရှိပါသည်။ မြို့ပြမဟုတ်သည့်နေရာများနှင့် တိုင်းရင်းသားဒေသများတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများ များပြားလာအောင်ကူညီပေးရန်နှင့် ထိခိုက်လွယ်သည့် ရပ်ရွာလူထုအသိုင်းဝိုင်းကို ကူညီထောက်ပံ့ပေးရန် အင်တိုက်အားတိုက်နှစ်မြှုပ်လုပ်ဆောင်နေသည့် အသေးစားစီးပွားရေးလုပ်ငန်းများကို ငွေကြေးနှင့် နည်းပညာအထောက်အပံ့များ ထောက်ပံ့ပေးနေသည်။ ထိုထောက်ပံ့မှုများ မှတဆင့် စိုက်ပျိုးရေးအထောက်အပံ့ပေးရေးအစီအစဥ်များကို ဖြည့်ဆည်းပေးနေသည်။ ကျွန်ုပ်တို့သည် ပုဂ္ဂလိကကဏ္ဍပွင့်လင်းမြင်သာမှုကို မြှင့်တင်ရေးနှင့် စျေးကွက်အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေးကိုလည်း လုပ်ဆောင်လျက် ရှိပါသည်။ 
  • ပညာရေးနှင့်ကျန်းမာရေး - USAID သည် လေ့လာသင်ယူမှုရလဒ်များထွက်ရှိစေရန် ကျောင်းသူ/ကျောင်းသားများ၊ ဆရာ/ဆရာမများနှင့် လက်တွဲလုပ်ကိုင်လျက်ရှိပြီး အမေရိကန်ပြည်ထောင်စုနှင့် အာရှနိုင်ငံများရှိ တက္ကသိုလ်များတွင် ပညာသင်ဆု ထောက်ပံ့ပေးခြင်းဖြင့် အဆင့်မြင့်ပညာရေးကို လက်လှမ်းမီရရှိစေရန် ပံ့ပိုးပေးလျက် ရှိပါသည်။ မိမိတို့၏ ပညာရေးဆိုင်ရာလုပ်ငန်းစဥ်များသည် စုစုပေါင်း လူငယ် (၃၀၀,၀၀၀) ကျော်ကို ပံ့ပိုးပေးလျက် ရှိသည်။ ကျန်းမာရေးကဏ္ဍကိုကြည့်လျှင် အာဏာသိမ်းမှုနှင့် တိုင်းသူပြည်သားများအား ထိခိုက်စေသည့် လက်ရှိပဋိပက္ခများသည် ပြည်သူ့ကျန်းမာရေး ကဏ္ဍတွင် ဆယ်စုနှစ်များစွာ တိုးတက်ဖြစ်ထွန်းမှုများနှင့် အကောင်းဘက်သို့ ဦးတည်နေရာမှ ပြောင်းပြန်ဖြစ်သွားစေသည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် HIV ရောဂါပိုးကူးစက်ခံရသူအရေအတွက် တတိယအများဆုံး နိုင်ငံဖြစ်ပြီး အာဏာသိမ်းလိုက်သည့်အချိန်မှစ၍ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်း (၁၇၀) ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့သည်။ လူ့အသက်များကို ကယ်တင်နိုင်ရန်အလို့ငှာ USAID သည် ထိခိုက်လွယ်ပြီး ဝန်ဆောင်မှုရရှိမှုနည်းပါသည့် ရပ်ရွာလူထု အသိုင်းအဝိုင်းများ အတွက် အရည်အသွေးမြင့်ကျန်းမာရေးဝန်ဆောင်မှုများ သက်သက်သာသာ၊ ရရှိ၊ အသုံးပြုနိုင်ရေးကို တိုးမြှင့်ဆောင်ရွက်လျက် ရှိပါသည်။ မိမိတို့သည် ဆန်းသစ်သည့် နည်းလမ်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး အမှန်တကယ်လိုအပ်နေသူများအတွက် ဝန်ဆောင်မှုများနှင့် ကုသမှုများကို ပံ့ပိုးပေးလျက် ရှိပါသည်။  
  • လူ့အခွင့်အရေးများနှင့် တာဝန်ခံမှု - လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်၍ စစ်တပ်နှင့် စစ်တပ်ထောက်ခံသူများအား တာဝန်ခံမှုရှိလာစေရန် အမေရိကန်ပြည်ထောင်စု၏ ကြိုးစားအားထုတ်မှုများကို BURMA Act ဥပဒေနှင့်အညီ ဆောင်ရွက်ပါသည်။ လူ့အခွင့်အရေးနှင့် တာဝန်ခံမှုကို မြှင့်တင်ရန် USAID သည် လူ့အခွင့်အရေးချိုးဖောက်မှု များကို မှတ်တမ်းတင်ခြင်း၊ တုံ့ပြန်ခြင်းများကို လုပ်ဆောင်လျက် ရှိပါသည်။ မလျော်မကန်လုပ်ဆောင်မှုများ၏ဒဏ်ကို ခါးစည်းခံစားခဲ့ကြရသည့် ပြည်သူများအနေဖြင့် ကူညီပံ့ပိုးမှုများနှင့် ၎င်းတို့ရသင့်ရထိုက်သည့် တရားမျှတမှုများ ရရှိစေရန်အတွက် ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ 
  • လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့ - USAID၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့ဗျူရိုသည် မြန်မာနိုင်ငံတွင် အကြီးဆုံးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအလှူရှင်အဖွဲ့ဖြစ်ပြီး ဆန်းစစ်လေ့လာထားသော လိုအပ်ချက်များပေါ်တွင်အခြေခံ၍ ထိခိုက်လွယ်သော ပြည်သူများအတွက် လူ့အသက်ကယ်တင်နိုင်သည့် စားနပ်ရိက္ခာနှင့် ငွေသားအထောက်အပံ့၊ အဟာရ၊ ကျန်းမာရေး၊ နေရာထိုင်ခင်း၊ အကာအကွယ်၊ ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အထောက်အပံ့များကို မိတ်ဖက်အဖွဲ့အစည်းများမှတဆင့် ထောက်ပံ့ပေးလျက် ရှိပါသည်။ 

အမေရိကန်ပြည်ထောင်စုသည် တရားမျှတပြီး၊ ငြိမ်းချမ်းသော၊ အားလုံးပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတစ်ခု ပေါ်ပေါက်လာစေရန် မြန်မာနိုင်ငံရှိ ပြည်သူများနှင့်အတူ ဆက်လက်ရပ်တည် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 

အခြားသောသတင်းအချက်အလက်များအတွက်-