ဘာသာစကား

မြန်မာနိုင်ငံသားများကိုယ်တိုင် ဆုံးဖြတ် ပုံဖော်ထုဆစ်ပြီး  တည်ငြိမ် သာယာဝပြောသောအနာဂတ် တစ်ခုဖြစ်ပေါ် လာစေရန် အခြေခံအုတ်မြစ်ချရာတွင်ကူညီခြင်းဖြင့်   မြန်မာနိုင်ငံကို အမေရိကန် ပြည်ထောင်စုက ပံ့ပိုးပေးဖို့ ကတိပြုထားပါသည်။  (၂၀၂၁) ခုနှစ် အစောပိုင်းကာလ စစ်တပ်အာဏာ သိမ်းလိုက်ချိန်မှ စ၍ USAID သည်  ဒီမိုကရေစီနှင့်လူအခွင့်အရေးအား ကာကွယ်ရေး၊ လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာအား မြှင့်တင်ရေး၊ တရားမျှတမှုကို လက်လှမ်းမှီရရှိရေးနှင့် တက်ကြွသော အရပ်ဘက်လူမှု အဖွဲ့အစည်းတစ်ရပ်အား မြှင့်တင်ရေးတို့အတွက် လုပ်ဆောင်လျက် ရှိပါသည်။


(၂၀၂၁) ခုနှစ်တွင် အမေရိကန်လွှတ်တော်က အတည်ပြုပြဌာန်းလိုက်သည့် Burma Unified for Rigorous Military Accountability (BURMA) Act ဥပဒေတွင် ဖော်ပြပါရှိသည့်အတိုင်း မြန်မာ နိုင်ငံကို ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်ရှိရေးအတွက် USAID သည် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအမျိုးမျိုးနှင့် လက်တွဲ လုပ်ဆောင်လျက်ရှိပါသည်။ USAID သည် သာယာဝပြောပြီး အားလုံးပါဝင်သော ဒီမိုကရေစီသို့ ရောက်နိုင်မည့် လမ်းကြောင်းကို အားကောင်းစေသည့် ပဋိပက္ခ ဆိုင်ရာထိလွယ်ရှလွယ်ဖြစ်မှုကို ထည့်သွင်း စဥ်းစားသော လူ့အခွင့်အရေးအခြေပြု နည်းလမ်းကို ဦးစားပေးလုပ်ဆောက်လျက် ရှိပါသည်။  ဤရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိရန်အတွက် USAID သည် မြန်မာနိုင်ငံရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့  
အစည်းများ၊ အခြားအလှူရှင်အဖွဲ့အစည်းများနှင့်အတူ ဆောင်ရွက်လျက် ရှိပါသည်။ ဤသို့ ဆောင်ရွက် ခြင်းသည် ဒီမိုကရေစီတန်ဖိုးများ အားကောင်းလာစေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသူများအတွက် အားလုံးပါဝင်နိုင်သော၊ သာယာဝပြောသော အနာဂတ် တစ်ခုကို တည်ဆောက်နိုင်ရန် ဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း အသီးသီးကို ပံ့ပိုးပေးရန်လည်း ရည်ရွယ်ပါသည်။ 

လွတ်လပ်၍ အမှီအခိုကင်းသည့်သတင်းမီဒီယာ

အများပြည်သူအား အသိပေး၍ ၎င်းတို့နှင့်ထိတွေ့လုပ်ဆောင်ခြင်းသည် ဒီမိုကရေစီ၏ အခြေခံ အုတ်မြစ် ဖြစ်သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေရေးသားခြင်း၊ ရုပ်သံထုတ်လွှင့် တင်ဆက်ခြင်းနှင့် အင်တာနက် မီဒီယာများအားလုံးကို တင်းကြပ်စွာထိန်းချုပ်ခြင်းသည် သတင်း အချက်အလက်ကွာဟမှုများကို ဖြစ်စေသည်။ ထိုသတင်းအချက်အလက်ကွာဟမှုများသည် အထူး သဖြင့် ဖယ်ကျဥ်ခံထားရပြီး ဝန်ဆောင်မှု လက်လှမ်းမှီ ရရှိမှုနည်းပါသည့် လူ့အသိုင်းအဝိုင်းများတွင် ပိုဖြစ်ပေါ်စေပြီး သဘောထားကွဲလွဲမှုမှန်သမျှကို ပို၍ပစ်ပယ်ရာ ရောက်စေသည်။  မြန်မာပြည်သူများ အားလုံး ယုံကြည်စိတ်ချရသော သတင်းအချက်များ လက်လှမ်းမှီရေး အတွက်  USAID သည် လွတ်လပ်သော သတင်းမီဒီယာအဖွဲ့အစည်းများကို ပံ့ပိုးပေးကာ ၄င်းတို့အား အများပြည်သူ စိုးရိမ် ကြောင့်ကြနေသည့် အရေးကိစ္စများတွင် ပရိသတ်များနှင့်ထိတွေ့ဆက်ဆံနိုင်ရန် ကူညီဆောင်ရွက် ပေးလျက်ရှိကာ သတင်းထောက်များ၊ မီဒီယာအသင်းအဖွဲ့များနှင့် အတူဆောင်ရွက်လျက် ရှိပါသည်။ မိမိတို့၏ စီမံကိန်းများသည် အထူးသဖြင့် တိုင်းရင်းသားလူနည်းစုများနေထိုင်နေကြသည့် နေရာများရှိ သတင်းမီဒီယာ အသင်းအဖွဲ့များအား ပံ့ပိုးကူညီပေးသည်။ ထို့အပြင် ထိုလူမှုအသိုင်းအဝိုင်းများရှိ ပြဿနာများ၊ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု အသစ်များနှင့်ပတ်သက်၍ သတင်းပေးနိုင်ရန် ကြိုးပမ်း နေကြသည့် နိုင်ငံသား သတင်းထောက်များ ပိုမိုပေါ်ထွက်လာစေရေးတို့အတွက် အရေးပါသည့် သင်တန်းများ ကူညီပို့ချ ပေးလျက် ရှိပါသည်။

တရားဥပဒေစိုးမိုးမှု အားကောင်းလာစေရေး

ဒီမိုကရေစီတွင် ဥပဒေများသည် နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးကို ကာကွယ်ပေးခြင်း၊ ပြည်သူများ၊ အဖွဲ့ အစည်းများနှင့် အစိုးရတို့အား ၎င်းတို့၏လုပ်ဆောင်ချက်များအတွက် တာဝန်ခံမှုရှိ စေခြင်းအားဖြင့်  နိုင်ငံသားများ၏ အခွင့်အရေးများကို ကာကွယ်ပေးထားသည်။ USAID သည် တရား မျှတမှုလက်လှမ်းမှီရရှိရေး မြင့်မားလာစေရန်၊ လူ့အခွင့်အရေးအား မြှင့်တင်ရန်နှင့် တာဝန်ခံမှုများ အားကောင်းလာစေရန်အတွက် အရပ်ဘက်လူမှု အဖွဲ့ အစည်းများနှင့် ရပ်ရွာအခြေပြုမိတ်ဖက် အဖွဲ့အစည်းများအပါအဝင် ပြည်တွင်းအဖွဲ့အစည်းများကို ထောက်ပံ့ပေးလျက် ရှိသည်။  မိမိတို့၏ စီမံကိန်းများသည် အငြင်းပွားမှု ဖြေရှင်းရေး၊ လူကုန်ကူးမှုဆန့်ကျင်တိုက်ဖျက်ရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရနိုင်ခြေများ လျော့ကျလာစေရေးတို့အတွက် ပံ့ပိုး ပေးလျက် ရှိပါသည်။ 

လူ့အခွင့်အရေး

(၂၀၂၁) ခုနှစ်တွင် မြန်မာစစ်တပ်သည် တရားဝင် ရွေးကောက်တင်မြှောက်ခံရသော အစိုးရကို ဖြုတ်ချ ခဲ့သည်။ စစ်အစိုးရသည် ၎င်းတို့နှင့်သဘောထားချင်းမတိုက်ဆိုင်သူများကို ဖိနှိပ်ထားပြီး ဒီမိုကရေစီ လွတ်လပ်ခွင့်များကို ရိုက်ချိုးခဲ့သည်။ လက်နက်ကိုင် ပဋိပက္ခများ ပြင်းထန်လာခြင်းသည် လူ့အခွင့် အရေး ချိုးဖောက်မှုများ နှင့်ပတ်သက်သော စိုးရိမ်မှုများကို ပိုမိုဆိုးရွားလာစေခဲ့သည်။ များပြားလှသည့် လူ့အခွင့်အရေး ချိုးဖောက်မှု များနှင့် နိုင်ငံရေး ဖိနှိပ်မှုများကို တုံ့ပြန်နိုင်ရန် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ကာကွယ်သူများ၊ ဒီမိုကရေစီ လိုလားသော အဖွဲ့များနှင့် ရပ်ရွာအသိုင်းအဝိုင်းခေါင်းဆောင်များက မနားတမ်း လုပ်ဆောင်နေကြရာ USAID အနေဖြင့် အရပ်သားများနှင့် ဆိုင်သော အခင်းအကျင်းများနှင့် ပူးပေါင်းပါ၀င်ခွင့်ရှိသော အုပ်ချုပ်ရေးစနစ် တစ်ခုကို ကာကွယ်ထိန်းသိမ်းထား နိုင်စေရန် ထိုကြိုးပမ်းမှု များအား ပံ့ပိုးကူညီလျက်ရှိသည်။ USAID သည် တရားမျှတမှုလက်လှမ်းမှီရရှိရေး၊ လူ့အခွင့်အရေး အား ကာကွယ်ရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား မှတ်တမ်းတင်ထားရှိရေးတို့ကို မြှင့်တင်ရန် အတွက် ပြည်တွင်းမိတ်ဖက်အဖွဲ့များနှင့် လက်တွဲဆောင်ရွက်လျက် ရှိပါသည်။ 

အရပ်ဘက်လူ့အဖွဲ့အစည်း

တည်ငြိမ်မှုမရှိဘဲ မကြာခဏပြောင်းလဲနေသော နိုင်ငံရေးဝန်းကျင်တွင် မြန်မာ့အရပ်ဘက် လူ့အဖွဲ့အစည်းသည် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို ပေးအပ်ခြင်း၊ နိုင်ငံသားများနှင့်ထိတွေ့ ဆက်ဆံမှုကို မြှင့်တင်ခြင်းနှင့် တာဝန်ခံမှုရှိသော အုပ်ချုပ်မှုစနစ်များကို မြှင့်တင်ခြင်းများ လုပ်ဆောင်ရာ တွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင် ပါသည်။ USAID သည် ပဋိပက္ခ၏ဒဏ်ကိုခါးစည်းခံနေ ရသော (သို့မဟုတ်) ခံရနိုင်ဖွယ်ရှိသော ရပ်ရွာ အသိုင်းအဝိုင်းများကို ကူညီထောက်ပံ့ပေးရန်အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ကြိုးပမ်းအားထုတ်မှု များကို ပံ့ပိုးပေးလျက် ရှိပါသည်။ ထို့အပြင် USAID သည် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို လက်လှမ်းမီရရှိစေရေး၊  ပဋိပက္ခများ၏ဒဏ်မှ ပြန်လည်နလံထူလာနိုင်စေရေးနှင့် အနာဂါတ်တွင် ကြုံတွေ့ လာနိုင်သည့် စိုးရိမ်ကြောင့်ကြမှု အန္တရာယ် များအား ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရေးတို့ အတွက်လည်း ကူညီထောက်ပံ့ ပေးလျက် ရှိပါသည်။ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် ပိုမိုပြည့်ဝစွာ ပါဝင်လာနိုင်စေရန်နှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီမြန်မာနိုင်ငံတွင် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါဝင် လာနိုင်စေရန်အတွက် မိမိတို့၏ စီမံကိန်းများက အရပ်ဘက်အဖွဲ့အစည်းများ၏ စွမ်းရည်ကို ကူညီတည်ဆောက်ပေးလျက် ရှိပါသည်

Image
မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်ခံရမှုအပြီး အမျိုးသမီးတစ်ဦး အပျက်အစီးများအား ကြည့်ရှုနေသည့် ပုံ ။
မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်ခံရမှုအပြီး အမျိုးသမီးတစ်ဦး အပျက်အစီးများအား ကြည့်ရှုနေသည့် ပုံ ။
AFP/STR