ဘာသာစကား

ကြံ့ခိုင်အားကောင်းသော လူမှုအသိုင်းအဝိုင်းများနှင့် ရေရှည်တည်တံ့ခိုင်မြဲသော အသက်မွေးဝမ်းကျောင်းအလုပ်များကို တည်ဆောက်ပေးခြင်း

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနှင့် စစ်အစိုးရကမွှေးခဲ့သော ပြည်တွင်းစစ်သည် မြန်မာနိုင်ငံအနှံ့အပြားရှိ စီးပွားရေး အခွင့်အလမ်းများကို ရိုက်ချိုးလိုက်သည်။ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများသည် စျေးကွက်စနစ်များကို အနှောင့်အယှက်ဖြစ်စေခဲ့ရုံသာမက ရင်းနှီးမြှုပ်နှံမှုများအား အဟန့်အတားဖြစ်စေခဲ့ပြီး စီးပွားရေးလုပ်ငန်းများကိုလည်း ပိတ်သိမ်းစေခဲ့သောကြောင့် ယခင်တစ်ချိန်က ကြီးထွားနေခဲ့သော စီးပွားရေးသည် ရပ်တန့်ခဲ့ရသည်။ အကန့်အသတ်များစွာရှိသည့် ပညာသင်ကြားခွင့်သည် ထောင်နှင့်ချီသော လူငယ်များအတွက် စီးပွားရေးအခွင့်အလမ်းကို လျော့နည်းသွားစေခဲ့သည်။ အဆိုပါစိန်ခေါ်မှုများကိုဖြေရှင်းရန်အတွက် USAID သည် စီးပွားရေးဖွံ့ဖြိုးမှုကို မြှင့်တင်ရန်၊ စားနပ်ရိက္ခာဖူလုံမှုကို အားကောင်းလာစေရန်နှင့် အရည်အသွေးပြည့်ဝသောပညာရေးကို လက်လှမ်းမီစေရန် ဆောင်ရွက်လျက် ရှိသည်။

BURMA Act ဥပဒေတွင် ညွှန်ကြားထားသည့်အတိုင်း မိမိတို့၏ အစီအစဉ်များသည် မြန်မာပြည်သူပြည်သားများအား လက်ရှိအကျပ်အတည်းကို ကြံ့ကြံ့ခံရင်ဆိုင်ရာတွင် အကူအညီဖြစ်စေရန်နှင့် ဒီမိုကရေစီစနစ်ပိုမိုပီပြင်ပြီး ပိုမိုသာယာဝပြောသော အနာဂတ်အတွက် အခြေခံအုတ်မြစ်ကို တည်ဆောက်ရာတွင် ကူညီပေးပါသည်။ USAID သည် နိုင်ငံတစ်ဝှမ်း လူမှုစီးပွားရေးတည်ငြိမ်မှု အားကောင်းလာစေရန် ပညာရေး၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် လုပ်ဆောင်လျက် ရှိသည်။

စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာ ဖူလုံရေး

မြန်မာနိုင်ငံလူဦးရေ၏ (၇၀) ရာခိုင်နှုန်းကျော်သည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်း ကျောင်း ပြုကြသည်။ သို့ရာတွင် ကြာညောင်းလှပြီဖြစ်သော ပဋိပက္ခနှင့် ပြည်တွင်းစစ်ကြောင့် စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုကို သိသိသာသာ လျော့ကျလာစေပြီး စားနပ်ရိက္ခာမဖူလုံမှုကို ပိုမိုဆိုးရွားလာစေသည်။ USAID သည် စားနပ်ရိက္ခာထောက်ပံ့မှုများ မြင့်မားလာစေရန်နှင့် ပြည်တွင်း စိုက်ပျိုးရေးဆိုင်ရာစီးပွားရေးလုပ်ငန်းများ ဆက်လက်တည်တံ့ စေရန် တောင်သူလယ်သမားများ၊ ပြည်တွင်းလယ်ယာစီးပွားရေးလုပ်ငန်းများနှင့် ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည်။ ဥပမာအားဖြင့် လက်ရှိဆန်ပြတ်လပ်မှုနှင့် ပို့ကုန်ကန့်သတ်ချက်များကို ဖြေရှင်းရန်အတွက် USAID သည် တောင်သူလယ်သမားထောင်ပေါင်းများစွာအား ငွေသားဘောက်ချာအကူအညီပေးပါသည်။ ရည်ရွယ်ချက်မှာ တောင်သူလယ်သမားများ စိုက်ပျိုးရာသီမတိုင်မီ မျိုးစေ့နှင့် ဓာတ်မြေသြဇာများ ဝယ်ယူနိုင်စေရန် ဖြစ်သည်။ ဤအရေးကြီးအကူအညီများသည် စားနပ်ရိက္ခာထုတ်လုပ်မှုကို ရေရှည်တည်တံ့စေပြီး စိုက်ပျိုးရေးအရင်းအမြစ်များ လက်လှမ်းမီမှု ပိုမိုရရှိစေရန် ကူညီပေးပါသည်။ ဤနည်းအားဖြင့် ကျေးလက်ရှိရပ်ရွာအသိုင်းအဝိုင်းများ၏ ကြံ့ခိုင်မှုကို တည်ဆောက်ပေးလျက် ရှိပါသည်။

စီးပွားရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းအလုပ်များ ကြံ့ခိုင်နိုင်မှု

အလုပ်လက်မဲ့နှင့် စားနပ်ရိက္ခာဈေးနှုန်းများ ကြီးမြင့်မှုကြောင့် အထူးသဖြင့် ပဋိပက္ခဒဏ်ခံရသော ဒေသများတွင် လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းနက်စေခဲ့သည်။ စီးပွားရေးကြံ့ကြံ့ခိုင်နိုင်မှု ကို မြှင့်တင်ရန် ကြိုးပမ်းရာတွင် USAID သည် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ပုဂ္ဂလိကကဏ္ဍနှင့်ထိတွေ့ဆက်ဆံမှု၊ ကောင်းမွန်သောအုပ်ချုပ်မှုနှင့် ပွင့်လင်းမြင်သာမှုရှိရေးတို့ကို ပစ်မှတ်ထား၍ ဘက်ပေါင်းစုံမှ ချဉ်းကပ်မှုပုံစံဖြင့် လုပ်ဆောင်လျက် ရှိပါသည်။ USAID သည် မြို့ပြမဟုတ်သောနေရာများနှင့်​ တိုင်းရင်းသားဒေသများတွင် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ ပိုမိုများပြားလာစေရန်အတွက် ထိခိုက်လွယ်သည့်လူမှုအသိုက်အဝန်းများကို ပံ့ပိုးပေးရန် ရည်မှန်းလုပ်ကိုင်လျက်ရှိသည့် အသေးစားစီးပွားရေးလုပ်ငန်းများနှင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းများအား ထောက်ပံ့ငွေအစီအစဥ်များနှင့် နည်းပညာဆိုင်ရာအကူအညီများ ပံ့ပိုးပေးလျက် ရှိပါသည်။ ထို့အပြင် ပိုမိုပွင့်လင်းပြီး အားလုံးပါဝင်နိုင်သော စီးပွားရေးဝန်းကျင်တစ်ခု ဖြစ်လာစေရန် တာဝန်ယူမှုရှိသောစီးပွားရေး အလေ့အကျင့်များကို မြှင့်တင်ပေးခြင်းအားဖြင့် မိမိတို့သည် ပုဂ္ဂလိကကဏ္ဍ ပွင့်လင်းမြင်သာမှုကိုမြှင့်တင်ရန်နှင့် စျေးကွက်အဂတိလိုက်စားမှုကို တိုက်ဖျက်ရန်အတွက်လည်း လုပ်ဆောင်လျက် ရှိပါသည်။

ပညာရေးလက်လှမ်းမီမှု

မိသားစုအဆက်ဆက်နှင့် လူမှုအသိုင်းအဝိုင်းများအနေဖြင့် ၎င်းတို့၏ဖြစ်တန်စွမ်းများကို အပြည့်အဝရောက်ရှိစေရန်နှင့် လူ့အဖွဲ့အစည်း၏ ကုန်ထုတ်စွမ်းအားမြင့်မားသော ပုဂ္ဂိုလ်များဖြစ်လာစေရန်အတွက် ၎င်းတို့လိုအပ်သော အရည်အချင်းများကို ပံ့ပိုးပေးခြင်းဖြင့် ပညာရေးသည် မိသားစုအဆက်ဆက်နှင့် လူမှုအသိုင်းအဝိုင်းများအား ပြောင်းလဲနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ (၂၀၂၁) ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းလုံးရှိ လူငယ် (၆) သန်းကျော်သည် အစိုးရကျောင်းများတွင်ပညာသင်ကြားခွင့်မှ ဖယ်ကျဥ်ခံခဲ့ရသည်။ ဤပြဿနာကိုဖြေရှင်းရန်အတွက် USAID သည် အစိုးရမဟုတ်သော ပညာရေးအဖွဲ့အစည်းများ အားကောင်းအောင်လုပ်ဆောင်ခြင်း၊ ပညာရေးအစီအစဥ်များကို တိုက်ရိုက်ပံ့ပိုးပေးခြင်းဖြင့် အရည်အသွေးပြည့်ဝသောပညာရေးကို တိုးချဲ့လုပ်ဆောင်လျက် ရှိပါသည်။ USAID သည် ဖယ်ကျဥ်ခံထားရသော ရပ်ရွာလူမှုအသိုင်းအဝိုင်းများနှင့် ပဋိပက္ခဒဏ်ခံစားနေကြရသည့်နေရာ များမှ ကျောင်းသူ/ကျောင်းသားများအပါအဝင် ကျောင်းသူ/ကျောင်းသား ၃၀၀,၀၀၀ ကျော်ထံသို့ လက်လှမ်းမှီရောက်ရှိခဲ့ပြီးဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် အာရှဒေသတစ်ဝိုက်ရှိ တက္ကသိုလ်များနှင့် အဖွဲ့အစည်းများတွင် ဘွဲ့ကြိုနှင့် ဘွဲ့လွန် ဒီဂရီအစီအစဥ်များ၊ ဘွဲကြိုနှင့် ဘွဲ့လွန်လက်မှတ်အစီအစဉ်များကို ပြီးမြောက်စေရန် မြန်မာ့မျိုးဆက်သစ်ခေါင်းဆောင်များအတွက် အခွင့်အလမ်းများပေးနေသည့် ပညာသင်ဆုအစီအစဉ်များမှတစ်ဆင့် မိမိတို့သည် အဆင့်မြင့်ပညာရေး လက်လှမ်းမီရရှိမှုကို မြင့်တင်လျက် ရှိပါသည်။

ဆက်သွယ်ရန်

ထပ်မံသိရှိလိုပါက usaid.gov/burma တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Image
မြန်မာနိုင်ငံ အပူပိုင်းဇုံရှိ တောင်သူတစ်ဦးသည် နှမ်းမျိုးစေ့များစိုက်ပျိုးရန် ရိုးရာနွားကို အသုံးပြုလျက်ရှိပြီး ယင်းတောင်သူများကို USAID ၏ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာစနစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမှ ပံ့ပိုးကူညီထားသည်။ အဆိုပါစီမံကိန်းသည် တောင်သူလယ်သမားများအား အရည်အသွေးမီ ဆီများထုတ်လုပ်ရန်နှင့် စျေးကွက်ရရှိရေး၊ ကုန်ထုတ်စွမ်းအားမြှင့်တင်ရေးနှင့် ကြံ့ခိုင်အားကောင်းသော လူမှုအသိုင်းအ၀ိုင်းဖြစ်လာစေ‌ရေးအတွက် ကူညီပေးသည်။
မြန်မာ့တောင်သူတစ်ဦး စိုက်ပျိုးရန်ပြင်ဆင်နေသည့်ပုံ ဖြစ်သည်။ USAID ၏ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာစနစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမှ တောင်သူများ ကုန်ထုတ်စွမ်းအား တိုးတက်ရေး နှင့် ၄င်းတို့၏ရပ်ရွာကြံ့ခိုင် အားကောင်းရေး အတွက် ကူညီပေးလျက် ရှိသည်။
AFDA စီမံကိန်း ၀န်ထမ်း

မြန်မာ့တောင်သူတစ်ဦး စိုက်ပျိုးရန်ပြင်ဆင်နေသည့်ပုံ ဖြစ်သည်။ USAID ၏ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာစနစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမှ တောင်သူများ ကုန်ထုတ်စွမ်းအား တိုးတက်ရေး နှင့် ၄င်းတို့၏ရပ်ရွာကြံ့ခိုင် အားကောင်းရေး အတွက် ကူညီပေးလျက် ရှိသည်။